မိုးကုတ် ဇန်နဝါရီ ၂၃
မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရံ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ပြုလုပ်ခဲ့ကြသည်။
ဆေးရုံအတွင်းမတော်တဆ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လွတ်မြောက်နိုင်ရန်အကြံပြုခြင်း၊ မီး၏အခြေခံသဘောတရားများနှင့် မီးခိုးအရောင်ခွဲခြားခြင်း၊ မီးသတ်ဆေးဘူး အမျိုးမျိုး အကြောင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးနန္ဒထွန်းနိုင်က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ဆေးရုံမီးဘေးလုံခြုံရေးလွတ် မြောက်မူဆိုင်ရာများအား စစ်ဆေးအကြံပြုခြင်း၊ ဝန်ထမ်းလိုင်းခန်းများအား မီးဘေးလုံခြုံရေးများ စစ်ဆေးအကြံပြုခဲ့ပြီး မီးသတ်ဆေးဘူးများ အသုံးပြု၍ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးမမ (မိုးကုတ်)