လယ်ဝေး ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များယဉ်ကျေးလိမ္မာစေရေးနှင့် စိတ်ဓာတ်ကောင်းမွန်စေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်စန်းမူက ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာဝင်အကြောင်း၊ သီလအကျိုး၊ဗုဒ္ဓဘာသာဝင် ၅မျိုး၊ ဩကာသကန်တော့ချိုးတွင် ပါဝင်သည့် အဓိပ္ပါယ်များ၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များ၊ ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီးပူဇော်ခြင်း အကျိုး၊ သီလစောင့်ထိန်းခြင်းနှင့်သည်းခံခြင်း၏ အကျိုးနှင့်(၃၈)ဖြာမ င်္ဂလာတရားတော် ကဗျာများအကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ အဖြေမှန်သူများအား ဆုချီးမြှင့်ပေးခဲ့ပြီးကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာစာအုပ်များ လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝေကြည်စန်းအောင်က ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်ထွန်းလာစေရေးအတွက် အသိပညာပေးဟောပြောပြီး အ-ထ-က (ခွဲ) ညိုပင်ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)