ပြည်ကြီးတံခွန် ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ကြီးဂန္ဓာရုံ ဘုန်းတော်ကြီးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီခွဲက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်ကြီး ဂန္ဓာရုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-11 ကျောင်းသား မောင်အဂ္ဂသူရက “လူငယ်နဲ့စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မရွှေဇင်ထွေးက လူငယ်နဲ့ Social Media” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်တိုးတက်အောင်က “လူငယ်နဲ့မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ လူငယ်စကားဝိုင်းတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)