ညောင်ဦး ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူးလေ့လာရေးရောက်ရှိခဲ့ပါက ဗုဒ္ဓစာပေများထားရှိခဲ့သည့် ပိဋကတ်တိုက်၊ ပိဋကတ်တည်ဆောက်မှုဗိသုကာပညာရပ်ကို လေ့လာနိုင်ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။
အဆိုပါ ပိဋကတ်တိုက်သည် ပုဂံမြို့ဟောင်းသရပါတံခါးအဝင်၊ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် အောင်မြေသာနန်းတော်ရာအတွင်းတည်ရှိသည်။
ပိဋကတ်တိုက်သည် ဗုဒ္ဓစာပေများထားရှိသည့် စာကြည့်တိုက်ဟုအဓိပ္ပာယ်ရခေါ်ဆိုကြောင်း၊ အေဒီ ၁၀၅၈ ခုနှစ်တွင် အနော်ရထာမင်းသည် သထုံပြည်မှ သယ်ဆောင်လာခဲ့သည့် ပိဋကတ် သုံးပုံတို့ကို ထားရှိရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရစ်နှစ် ၁၇၈၃ ခုနှစ်တွင် ဘိုးတော် မင်းတရားက အသစ်တစ်ဖန်ပြည်လည်ပြုပြင်ခဲ့ကြောင်း၊ အဆောက်အအုံ၏ ဗိသုကာလက်ရာ ထူးခြားချက်မှာ အမိုးအဆင့်ငါးဆင့်ဖြင့် ယင်းအထက်တွင် ထုပိကာထားရှိသည့် သစ်သားပြဿဒ်ပုံသဏ္ဍာန်ကို အုတ်ဖြင့်သရုပ်ဖော်တည်ဆောက်ထား သည်ကိုလက်ရာမြောက်စွာ တွေ့ရှိလေ့လာနိုင်သည်။ အမိုးစွန်းချင်မိတ်တိုးထောင့်များတွင် ဒေါင်း၏ ရင်အုပ်သဏ္ဍာန် အင်္ဂတေဒုရင်ပန်းများဖြင့် မွမ်းမံခြယ်လှယ်ထားသည်ကို လေ့လာနိုင်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တောင်ဘီကျေးရွာရှိ ပိဋကတ်တိုက်၊ အောင်မြေသာနန်းတော်ရာဝန်းအတွင်းရှိ ပိဋကတ်တိုက်တို့ရှိကြောင်း သိရသည်။
ဒီပါလင်း