မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဓာတ်အားထုတ်လုပ်မှုရပ်နားခဲ့သည့် ဝက်ဝံကျေးရွာရှိ ဝက်ဝံရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ  ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီးယနေ့မွန်းလွဲပိုင်းက ဓာတ်အားထုတ်လုပ်မှု ရပ်နားခဲ့သည့် ပြင်ဦးလွင်မြို့မှ (၁၃)မိုင်အကွာ မန္တလေး-လားရှိုးလမ်းပေါ် ဝက်ဝံကျေးရွာအရှေ့ဘက် မြင်းဇင်းကြိုးပြင် ကာကွယ်တောရှိ ဝက်ဝံရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တာဝန်ရှိသူများက ၁၉၃၃ ခုနှစ်တွင် ၂၂၅ ကီလိုဝပ်ရှိ စက်အမှတ်(၁)၊ ၁၉၃၉ ခုနှစ်တွင် ၂၂၅ ကီလိုဝပ်ရှိ စက်အမှတ်(၂)တို့ကို တပ်ဆင်ခဲ့ပြီး တစ်လ ပျှမ်းမျှ အများဆုံး(၆၇၀၈၀ယူနစ်)၊ အနည်းဆုံး(၂၆၆၈၀ယူနစ်) ထုတ်လုပ်နိုင်ခဲ့မှု၊ (၄၀၀)ဗို့ ဓာတ်အားလိုင်း ထွက်ရှိပြီး (၀.၄/၁၁)ကေဗွီ (၃၀၀)ကေဗွီအေထရန် စဖော်မာ(၂)လုံးဖြင့် (၁၁)ကေဗွီ ဝက်ဝံလိုင်းပေါ် ဓာတ်အားရောက်ရှိပြီး ပိတ်ချင်းမြောင်ဘုရားသို့ (၂၄)နာရီ ဓာတ်အားပေးထား၍ ဓာတ်အားပိုမို ထုတ်လုပ်နိုင်ပါက ဝက်ဝံစက်ရုံအနီးပတ်ဝန်းကျင်ရှိကျေးရွာများနှင့်ကိုယ်ပိုင် ထရန်စဖော်မာများသို့ ဓာတ်အားဖြန့်ဖြူး ပေးထားခဲ့မှု၊ စက်ရုံလည်ပတ်နိုင်ရန်အတွက် မြေသားရေသွယ်မြောင်းပေအရှည် (၁.၅)မိုင်ခန့်ရှိပြီးကာလ ရွေ့လျားလာသည်နှင့်အမျှ ရေစီးဆင်းမှုလျော့နည်းလာခြင်း၊ အဆိုပါ ရေသွယ်မြောင်းကို ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများမှ စိုက်ပျိုးမြေများအတွက် ဆက်သွယ်အသုံးပြုနေသဖြင့် လုံလောက်သော ရေပမာဏမရှိလာခြင်း တို့ကြောင့် ၂၀၁၆ ခုနှစ် အထိသာ ဓာတ်အားထုတ်လုပ်ပေးနိုင်ခဲ့ပြီးနောက် စက်များ ရပ်နားထားခဲ့ရမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)