ရေး ဇူလိုင် ၁၀
(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (၁) နှင့် မူလွန် (၅) တို့တွင် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီး ကိုးဦးတို့၏ အတ္ထုပတ္တိများ၊ ယနေ့အချိန်ထိ မြန်မာတစ်မျိုးသားလုံးအတွက် မမေ့သင့်မမေ့ထိုက်သော နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောသည့် အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ(ပြန်/ဆက်)