ထန်းတပင်မြို့နယ်၌ သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ ရှစ်သိန်းရှစ်သောင်း ငါးမျိုးစိုက်ထည့်ပေး

ထန်းတပင် ဇူလိုင် ၁၀

ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ  သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ ရှစ်သိန်းရှစ်သောင်းကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများပူးပေါင်းကာ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ ရှစ်သိန်းရှစ်သောင်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း းသိရသည်။

ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်း၊ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လှော်ကား ငါးလုပ်ငန်းစခန်းနှင့် လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်းမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊   မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက (လှိုင်မြစ်)သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ရှစ်သိန်းရှစ်သောင်း(၈၈ဝဝဝဝ)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)