မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ  ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ မြို့ပြနှင့်ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးမှုကွာဟ ချက်များကျဉ်းမြောင်းစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန်အတွက် စံပြကျေးရွာများထူထောင်ပြီး ကျေးလက်နေပြည်သူများ၏လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကို ဖော်ဆောင်ပေးနေပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီတွင်ဦးစီးဌာန(၁၉)ခု ပြင်ပပညာရှင်(၃)ဦး တို့ဖြင့် ဖွဲ့စည်းထားပြီး ကျေးလက်ဒေသတာဝန်များကိုလည်း ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်မှချမှတ်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဦးတည်ချက်လုပ်ငန်းစဉ်များ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

၎င်းနောက် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်မျိုးလွင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးလှမျိုးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် တိုင်းဒေသကြီးဝန်ကြီးများ၊ ဦးစီးဌာနများမှတာဝန်ရှိသူများနှင့် ပြင်ပပညာရှင်တို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခက်အခဲများ၊ အားနည်းချက်များနှင့် အားသာချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)