တံတားဦး ဇူလိုင် ၉
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်ကို ဇူလိုင် ၈ ရက် မွန်းလွဲ ၂နာရီက တံတားဦးမြို့၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရေးအတွက် လူငယ်များနှင့်ပတ်သက်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးစွာ မြောဆိုဆက်ဆံ တတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက Moderator အဖြစ်ဆောင်ရွက်ပြီး မြို့မအခြေခံပညာအလယ်တန်း ကျောင်း Grade-9 မှ ကျောင်းသား မောင်ညီထွဋ်သျံက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-7 မှ ကျောင်းသား မောင်အေးထက်အောင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-7 မှ ကျောင်းသူ မသီရိဇေယျာက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–8 ကျောင်းသူ မဖြူစင်သန့်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)