မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပေါင်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရထားလမ်းကူး (Level Crossing) များ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး

ပေါင် ဇူလိုင် ၉

မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်း အသုံးပြု သွားလာနေကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းကူးဂိတ်များ၏ လက်ရှိအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ရထားမောင်းနှင်သွားလာမှု လုပ်ငန်းစဉ်တစ်ရပ်လုံး လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသော ရထားလမ်းကူး (Level Crossing) များတွင် မောင်းတံဂိတ်များနှင့် ဂိတ်စောင့် ဝန်ထမ်းများကို စနစ်တကျ တာဝန်ချထားရန်၊ ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ သတိပြုနိုင်စေရန်အတွက် "ရပ်၊ ကြည့်၊ သွား" သတိပေးအမှတ်အသားနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို ထင်သာမြင်သာရှိအောင် စိုက်ထူထားရှိရန်၊ မတော်တဆ ထိခိုက်မှုများ အဓိက ဖြစ်ပွားစေသည့် တရားမဝင် လမ်းဖြတ်ကူးထားသော နေရာများကို စနစ်တကျ ပိတ်သိမ်းထားရှိရန် လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့သည် ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက်သို့ သွားရောက်ကာ ရထားလမ်းကူး(Level Crossing)များတွင် မောင်းတံဂိတ်များ တပ်ဆင်ထားရှိမှု၊ ဂိတ်စောင့်များ လုပ်ငန်းခွင် အဆင်သင့်ရှိမှုနှင့် တရားမဝင် လမ်းကူးများ ပိတ်သိမ်းထားရှိမှု အခြေအနေများကိုကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ ခရီးသွားမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဦးစားပေး ဖြစ်သဖြင့် လိုအပ်သည်များကို မိမိတို့ဌာနအလိုက် ညှိနှိုင်းပေါင်းစပ်ကာ ဖြည့်ဆည်း ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

မွန်မလေး (ပြန်/ဆက်)