ကျောက်ဆည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး

စဉ့်ကိုင် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၉ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မန္တလေးမြို့မှ ရဲမှူး ခင်မာဝင်းနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း) မန္တလေးမြို့)မှ ရဲအုပ် စောနိုင်ထွေးနှင့် အဖွဲ့ဝင်များ၊ နည်းပြ/သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း လူဦးရေ ၈၆၀ ခန့် တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း) မန္တလေးမြို့)မှ ရဲအုပ် စောနိုင်ထွေးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မန္တလေးမြို့မှ ရဲမှူး ခင်မာဝင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝံ့ ရှင်းလင်း ဟောပြောခဲ့သည်။ ထို့နောက် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ်က ဟောပြောပေးသည့် ပုဂ္ဂိုလ်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်စွာ (စဉ့်ကိုင်)