လှည်းကူးမြို့နယ်၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၏ လမ်းညွှန်မှုအရ ဒါးပိန်ကျေးလက် ကျန်းမာရေးဌာနအပိုင်အတွင်းရှိ အ.လ.က(ခွဲ) ရှမ်းတဲကြီးကျောင်းတွင် ရက်(၁၀၀)အတွင်းရှိ ဆောင်ရွက်ရမည့် အကျိုးပြုလုပ်ငန်းစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်း ဟောပြောခြင်းကို လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်စွာဖြင့် စာပေသင်ကြားနိုင်စေရေးအတွက် ဒါးပိန်ကျေးလက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား တစ်ကိုယ်ရေသန့်ရှင်း ရေး၊ လက်ကိုစနစ်တကျဆေးကြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်တတ်သောရောဂါ ပျံ့နှံမှုအကြောင်း၊ အစာနှင့်ရေ သန့်ရှင်းရေးအကြောင်း၊ ကျန်းမာရေးကြိုတင်ကာကွယ်မှုအတွက် ပညာပေးခြင်း ၊အသက် ၁၅ နှစ်အောက်ကလေးများ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားခြင်း ရှိ၊မရှိစစ်ဆေးခြင်း၊ အာဟာရနှင့်ပတ်သက်ပြီး ပညာပေးခြင်း၊ နေ့စဉ်ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေး၊ နေ့စဉ်အစာအဟာရမျှတစွာ စားသုံးနိုင်ရေးအကြောင်း အသိပညာပေး ဟောပြောပြီး၊ သွားကျန်းမာရေး စစ်ဆေးပေးခြင်း၊ မျက်စိအမြင်အာရုံ စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရပ်အမြင့် တိုင်းတာခြင်းနှင့် BMIတွက်ချက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)