ချမ်းအေးသာစံ ဇူလိုင် ၉
အက်တမ်မြန်မာလီမိတက်(ATOM)နှင့် မန္တလာဆေးရုံတို့ ပူးပေါင်းဆောင်ရွက်သော နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသလှူဒါန်းပေးခြင်း (ATOM’s Life Time Gift) အခမ်းအနားကို မန္တလာဆေးရုံ၌ ယနေ့ဇူလိုင် ၉ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က “ကျန်းမာရေးကဏ္ဍသည် အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုရေးအသင်းအဖွဲ့များ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းက အလွန်အရေးပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စကားပြောဆိုနိုင်မှု၊ အစာစားသောက်နိုင်မှုနှင့်စိတ်ပိုင်းဆိုင်ရာယုံကြည်မှုစတဲ့ အရေးကြီးတဲ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားသောအားဖြင့် အက်တမ်မြန်မာလီမိတက်(ATOM)၏ စေတနာများနှင့် မန္တလာဆေးရုံတို့၏ ပံ့ပိုးကူညီမှုများကို အလေးအနက်ကျေးဇူးတင်ကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး အက်တမ်မြန်မာလီမိတက်(ATOM)၏ အမှုဆောင်အရာရှိချုပ်(CEO) Mr.Ahmad ကအမှာစကား ပြောကြားခြင်း၊ ကော်ပရိတ်ရေးရာအရာရှိချုပ်(CCAO) ဦးသိန်းဟုတ်က ခွဲစိတ်လှူဒါန်းရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်း၊ မန္တလာဆေးရုံမှ Operation Manager ဒေါက်တာမြသက်မှူးခိုင်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ခွဲစိတ်ကုသမှုမှ အကျိုးခံစားခွင့်ရရှိသည့် ကလေးငယ်၏မိဘတစ်ဦးက ကျေးဇူးတင်စကား ထပ်မံပြောကြားသည်။
ထို့နောက် ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး မန္တလာဆေးရုံ၏ (CEO) ဒေါက်တာဥက္ကာကျော်က အလှူဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ရာ အက်တမ်မြန်မာလီမိတက်(ATOM)မှ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)