ကျောက်မဲမြို့ ကမ္ဘောဇဘဏ်၌ ဝါဆိုသင်္ကန်းကပ်လှူ၊ ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ပတ်မည်

ကျောက်မဲ ဇူလိုင် ၉

​ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရပ်ကွက် (၂) ရှိ ကမ္ဘောဇဘဏ်၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၀ ရက်မှစတင်ကာ ဘဏ်လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

​အခမ်းအနားတွင် ကမ္ဘောဇဘဏ်တာဝန်ခံ ဒေါ်နန်းကျော့သန္တာအေးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများက ကမ္ဘောဇရှမ်းကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညောဘာသ အမှူးပြုသော ပင့်သံဃာ ၅ ပါးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ ရေစက်ချတရား နာယူကြည်ညိုခဲ့ကြသည်။

​အဆိုပါ လှူဒါန်းပွဲနှင့် နေ့လယ်စာဧည့်ခံပွဲသို့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်နိုင်ဦး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး ဝေလင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

​ကျောက်မဲမြို့ ကမ္ဘောဇဘဏ်ကို ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီမှစတင်၍ ဘဏ်ဝန်ထမ်းများဖြင့် ပြန်လည်ဖွင့်လှစ်ကာ ဘဏ်အတွင်း KBZ Pay ဝန်ဆောင်မှု၊ ငွေသွင်း/ငွေထုတ်နှင့် ငွေလွှဲလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်စတင်လည်ပတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်