လားရှိုး ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အမှတ် (၁၆) လူကုန်ကူးမှုနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က သူနာပြုသင်တန်းကျောင်း(လားရှိုး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လူကုန်ကူးမှုနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှ ရဲအုပ်ကျော်သန်းနိုင်က လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံရှိလက်ရှိဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် တားဆီးကာကွယ်ခြင်းဆိုင်ရာ ဆောင်ရွက်ရန်နည်းလမ်းများစသည့်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် သင်နာပြုသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။ ထို့အပြင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား သင်တန်းသား၊သင်တန်းသူများ ဖတ်ရှုလေ့လာနိုင်ရေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)