ကွမ်းခြံကုန်း ဇူလိုင်၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဒေးဒနောကျေးရွာ၊ အ.မ.ကမူလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေအကြောင်းအရာအားလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများအား ဟောပြာခဲ့သည်။
ထို့နောက် ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြင့်တင်လှုပ်ရှားမှု နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆွေနွယ်(ပြန်/ဆက်)