မိုင်းယောင်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် မီးခိုးမြူငွေ့ကင်းရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ယမန်နေ့ကရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကွင်းဆင်း၍ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသဘာသာစကား ကျွမ်းကျင်သူများက တတိယအကြိမ် ပြင်ဆင်ထားသည့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကာကွယ်ရေး၊ ဒေသအတွင်း မီးခိုးမြူငွေ့ ဖုံးလွှမ်းမှုကြိုတင် ကာကွယ်ရေးများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ် ခန့်အပ်နိုင်ရေးလုပ်ငန်းစဉ်များ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေများ၊ မီးခိုးမြူငွေ့ကင်းရှင်းရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြီး ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်း၊ အာခါ၊ လားဟူ၊ လွယ် စသည့် ဒေသဘာသာစကား ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့ ၁၁ ဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အသိပညာပေး ဟောပြောဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း