နောင်ချို ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား/ သူများ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် စာရေးဆရာဇာနည်းဟိန်း(သီပေါ)မှ သစ်တောများ ပြုန်းတီးခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးရခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၊ အပူချိန်များ အဆမတန်မြှင့်မားခြင်းစသည့်တို့ကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ဟောပြောဆွေးနွေးခဲ့သည်။
အလားတူ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း အသိပညာဗဟုသုတရရှိစေရန် ကွင်းဆင်းဟောပြောခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်