မတ္တရာမြို့နယ် ကံဖြူကျေးရွာ၌ ‌ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကျင်းပ

မတ္တရာ ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု၊ ကံဖြူကျေးရွာ၌ ပြည်သူများထံသို့ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ခြေ ၁၅၉ လုံးအတွက် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာ သာသနာ့ဟိတ ဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနန်းဝင်းထွေး၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ခရိုင်လဝကဦးစီးမှူး ဦးမောင်မောင်အေးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိန်ယုတို့မှ ကံဖြူကျေးရွာနေပြည်သူများထံသို့ ကျေးရွာမြေငှားဂရန်များကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာမြေငှားဂရန်ရရှိသည့် ကံဖြူကျေးရွာနေ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကံဖြူ ကျေးရွာ နေသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေရာသား