ပျော်ဘွယ် ဇူလိုင် ၉
ပျော်ဘွယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တားမြစ်ဆေးဝါးများနှင့် သတ်မှတ်စံနှုန်းဖြင့် ကိုက်ညီမှုမရှိသောဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲရန်မသင့်ဟု တားမြစ်သတ်မှတ်ထားသော ဆေးဝါးများ၊ ဈေးကွက်အတွင်းတရားမဝင်ရောက်ရှိနေသောဆေးဝါးများ၊ မှတ်ပုံတင်ထား ခြင်းမရှိသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးကာ အသိပညာပေးလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ခဲ့ကြသည်။
ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဆေးဝါးပစ္စည်းအရောင်းဆိုင် ၁၂ ဆိုင်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တားမြစ်သတ်မှတ်ထားသော ဆေးဝါးများရောင်းချခြင်း မရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)