မြစ်သား ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ မိုးစပါးစိုက်တောင်သူများအား (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာအေးက နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က (ပြည်ထောင်စု) သွင်းအားစုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်တာဝန်ရှိသူများက တက်ရောက်လာကြသော ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ဒေသခံတောင်သူများအား ကျပ်သိန်းပေါင်းနှစ်ထောင်ငါးရာနှင့်ညီမျှသော (ပြည်ထောင်စု) သွင်းအားစုပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာအေး၊ မြို့နယ်စိုက်ပျိုးရေးညှိုနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ်အတွင်းရှိ မိုးစပါးစိုက် ပျိုးမည့်ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)