ချမ်းအေးသာစံ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းဦးဆောင်ကာ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို အမရပူရမြို့နယ် တောင်သမန်အင်း ရေပြင်၌ ယနေ့ဇူလိုင် ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့သည်။
အဆိုပါ ရေပြင်မီးငြှိမ်းသတ်ရေးနှင့်ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ ဦးဆောင်မှုဖြင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနှစ်မြို့နယ်မှ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ပူးပေါင်းကာ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီး ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)