ကျောက်ဖြူမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကျောက်ဖြူ   ဇူလိုင်  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကျင်းပသည်။ 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးညိုမင်းနိုင်က နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှု ရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာကွယ်ကို အညီအမျှ ရရှိစေရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံသို့ ဥပဒေအသိပညာ ဖြန့်ဖြူးပေးနိုင်ရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီလုပ်ဆောင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)သင်တန်းတွင် ဥပဒေဘာသာရပ်(၁၁)ဘာသာအား ပို့ချပြသသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများတက်ရောက်သင်ယူ လျက်ရှိကာ သင်တန်းကာလမှာ (၅)ရက်ကြာမြင့်မည်ဖြစ်သည်။ ယင်းအပြင် သင်တန်းပြီးမြောက်ပါကလည်း အသိအမှတ် ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဥပဒေရုံးမှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)