တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ ဇူလိုင်  ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် အောင်မြေလူထုဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။   ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးမျိုး‌ဇော်ဦး၊ အမှတ်(၂၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးဒုရဲမှူး ချစ်မင်းထွန်း၊ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်လင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့(သန့်ရှင်းရေးဌာန) တာဝန်ခံ ဦးဇော်လှိုင်ဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန(စီမံ/ဥပဒေ)ဌာနခွဲမှ  ဒုတိယ ဦးစီးမှူး ဒေါ်ဆွေဆွေအောင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတို့မှ ကျန်းမာရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ စည်ပင်သာယာ ဥပဒေရေးရာများ၊ မှုခင်းကျဆင်းရေး အသိပညာပေးခြင်းအား ဟောပြောဆွေးနွေးခဲ့ကြပြီး မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းဝေးစေရေး  ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ဟောပြောပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)