ကျောက်ဖြူ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဇူလိုင် ၆ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းဘေးဒဏ်ကြောင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ယင်းသို့ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများက တောင်ရင်းရပ်ကွက်နှင့် အရာရှိရပ်ကွက်တို့တွင် ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ထောက်ပံ့ ပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသောအိမ်ထောင်စုများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သွပ်အမိုးများနှင့်ပတ်သက်၍ လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးက ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် ဌာနမှပေးအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ကနဦးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံ ဒေါ်စပယ်ဦးက လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူမှုပုံစံများနှင့်ပတ်သက်၍ လည်းကောင်းရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်၌ ဇူလိုင် ၆ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းဘေးကြောင့် ထိခိုက်ခဲ့သည့် တောင်ရင်းရပ်ကွက်မှ အိမ်ထောင်စု(၃၈)စုရှိ ပြည်သူ(၁၃၇)ဦး အတွက် သွပ်(၁၀၃၃)ချပ်၊ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၃,၀၈၅,၀၀၀ နှင့် လုံးဝပျက်စီးအိမ် (၁၀)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁၀)ပုံး၊ အရာရှိရပ်ကွက်မှ အိမ်ထောင်စု(၂၁)စုရှိ ပြည်သူ(၇၀)ဦးအတွက် သွပ်(၄၄၀)ချပ်၊ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁,၄၀၀,၀၀၀ တို့အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)