မူဆယ် ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး၊ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မျိုးမျိုးဦးက သင်တန်းသူများအတွက် ဝတ်စုံဖိုးထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၂၂) မူးယစ်တပ်ဖွဲ့စု၊ မူဆယ်မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်သူရိန်ဖြိုးက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အကြောင်း၊ အမှတ်(၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူး မင်းနိုင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အကြောင်း၊ မြို့နယ်ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်က ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အိမ်တွင်းမှုကျောင်းအုပ်ဆရာမ ဒေါ်နန်းစောရင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဧည့်သည်တော်များနှင့် သင်တန်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်နှင့် ကလေးစစ်မှုထမ်း လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး၊ သင်တန်းသူများအား သင်ကြားပေးနေသော သစ်သီးအလှ ပုံဖော်ခြင်းနှင့် အလှပန်းစည်းပြုလုပ်ခြင်းများကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်