စစ်တွေမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်သင်ကြား

စစ်တွေ ဇူလိုင် ၈

ဥပဒေရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စစ်တွေမြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ကို စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းသူရိယခန်းမ၌ ဇူလိုင်လ ၆ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်တွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးမြတ်သန်းထွန်းက အခြေခံသိသင့်သိထိုက်သော ဥပဒေ၊ နည်းဥပဒေများ၊ ၎င်းတို့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဥပဒေအသိပညာများဖြင့် ထမ်းဆောင်နိုင်ရန်နှင့် နိုင်ငံသားများကို ဥပဒေအသိပညာများပြန်လည်ပြီး ဖြန့်ဝေပေးကာ ဥပဒေ၏ အကူအညီပေးမှု၊ အကာအကွယ်ပေးမှုတို့ကို ရရှိနိုင်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၄၆) ဦး တက်ရောက်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်မှ သင်တန်းဆရာများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်(သိုမဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်မှုဆိုင်ရာ နည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ လောင်ကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)