မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု (Tax Campaign)  အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၈

ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်မှ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသား/သူများအား အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးလူထုလှုပ်ရှားမှု (Tax Campaign) အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာအခွန်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက နိုင်ငံတော်အစိုးရအနေနဲ့ မိဘပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန်နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့တဲ့ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာများကို ပြည့်ဝစွာ ကောက်ခံရရှိရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ အခွန်ဆိုင်ရာ အသိပညာပေး လူထုလှုပ်ရှားမှု အစီအစဉ် Tax Campaign အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးကြသူများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိပြည်နယ်နှင့် နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားလုံးက အခွန်ထမ်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ဦးဂျွန်စိန်ဂီက အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့်အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအတွက် Tax Campaign လူထုလှုပ်ရှားမှု အစီအစဉ်လုပ်ငန်းစီမံချက်ကို ချမှတ်အကောင်အထည်ဖော်ရသည့် အဓိက ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစား များနှင့် အခွန်အကြောင်း သိကောင်းစရာများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ သူများအား အခွန်နှင့် သက်ဆိုင်သည့် အမေး၊ အဖြေကဏ္ဍများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခွန်ဆိုင်ရာ အသိပညာပေးတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု အစီအစဉ် Tax Campaign အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၅၅၀) ဦးခန့် တက်ရောက်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)