သထုံမြို့ မရမ်းချောင်အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြော

သထုံ  ဇူလိုင်    ၈

မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ဘင်လှိုင်ရပ်ကွက်ရှိ မရမ်းချောင် အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၈ ရက် နံနက်က ပြုလုပ်ခဲ့ကြ‌သည်။

ဦးစွာ မူလွန်(မရမ်းချောင်)ကျောင်းတာဝန်ခံ ဒေါ်အိအိထွန်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဇာနည်နေ့သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့၏ အတ္ထုပ္ပတ္တိနှင့် စွမ်းဆောင်မှုများ၊ အာဇာနည်တို့၏ စိတ်ဓာတ်နှင့်စွမ်းရည်များ၊ ကျောင်းသားကျောင်းသူများ ဗဟုသုတတိုးပွားရေးအတွက် ကျောင်းပြင်ပ စာပေများလေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကြကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာပေများနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်