ကျိုင်းတုံ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(နောက်တိုး)၆၇၉၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံအိမ်ထောင်စုဝင်များအား အခြေခံစားသောက်ကုန် (၅)မျိုး တစ်ကြိမ်၊ ငွေကျပ် ၁၅၀၀၀ တစ်ကြိမ်၊ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လေးကြိမ် ထောက်ပံ့ပေးခဲ့ရာ တွင် မရရှိခဲ့သည့် ကျိုင်းတုံမြို့နယ်မှ နောက်တိုးအိမ်ထောင်စုဝင် ၆၇၉၉ စုများအတွက် (ပထမအကြိမ်) ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် အခြေခံ လူတန်းစားများ လက်ဝယ်အရောက်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံ အိမ်ထောင်စု ၆၇၉၉ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်ဖြင့် စုစုပေါင်း ငွေကျပ် ၁၃၅,၉၈၀,၀၀၀ အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအရောက် သွားရောက်ထောက်ပံ့မည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)