ကျိုက်ထို ဇူလိုင် ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၇)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က- အောင် သပြေကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းဟန်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်အေးယုဝေက ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတ တိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးနှင့် လူကုန်ကူးမှု ဆိုင်ရာအသိပညာပေးမှုများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် စသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)