ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အတွင်းရေကျော်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်အနာဂတ်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လူငယ်နှင့်အားကစားဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ဦးဇော်သိန်းက လူငယ်နှင့်စာပေအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အတွင်းရေးမှူး ဦးရန်လင်းအောင်က လူငယ်နှင့်ယဥ်ကျေးမှု အကြောင်းအရာများကို လည်းကောင်း တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက ကျေးဇူးတင်စကားများ ပြန်လည်၍ ပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)