မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

မော်လမြိုင် ဇူလိုင် ၈

မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက်  နံနက်ပိုင်းက မော်လမြိုင်မြို့ ခရိုင်စာရင်းစစ်ရုံး၌ ကျင်းပသည်။

ဦးစွာတွေ့ဆုံပွဲတွင် မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက အစိုးရ၏ ရက် ၁ဝဝ ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများစစ်ဆေးရာတွင် လိုအပ်ချက်များမရှိစေရေး စစ်ဆေးဆောင်ရွက်ရန်၊ အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း ပထမသုံးလပတ်အတွက် စတင်စစ်ဆေးဆောင်ရွက်ရန်၊ မဟာဗျူဟာလုပ်ငန်းစီမံချက်အရ Template ပုံစံများအား တို့မြှင့် အသုံးပြုနိုင်ရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှုတို့က ခရိုင်၊ မြို့နယ်ရှိဝန်ထမ်းများအားတွေ့ဆုံ အမှာစကားပြောကြားပြီး ခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ်စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်စာရင်းစစ်ချုပ်က ဝန်ထမ်းများ၏လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)