ညောင်ဦး ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုစေလိုကြောင်း၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းဖြင့် ကျောင်းသား၊ ကျောင်း သူများ အသိပညာတိုး ပွားလာစေမည်ဖြစ်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဆွေးနွေးသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်သူဇာစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်တို့က လူငယ်နှင့်မူးယစ်ဆေး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာငှားကတ်ပြုလုပ်၍ စာအုပ်စာပေများ ငှားရမ်းနိုင်ရေးတို့အား မိတ်ဆက် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ပြသခြင်း၊ (၁၉)ဇူလိုင်မမေ့နိုင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းချုပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း(ညောင်ဦးခရိုင်ပြန်/ဆက်)