ချောင်းဆုံမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ချောင်းဆုံ ဇူလိုင် ၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က အဖွင့်အမှာစကား ပြောကြားကာ မော်လမြိုင်ခရိုင် ဥပဒေအရာရှိ ဦးကိုကိုမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်လာကြသည့် သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

အဆိုပါ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို မော်လမြိုင်ခရိုင် ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံးတို့မှ သင်တန်းနည်းပြ (၄) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၉၄)ဦးတို့အား ဇူလိုင် (၇) ရက်နေ့မှ (၁၀)ရက်နေ့အထိ (၄) ရက်ကြား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)