လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော

လယ်ဝေး ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာစေရေးနှင့် စိတ်ဓာတ်ကောင်းမွန်စေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ထူးချွန်ထင်ရှားလယ်ဝေးသားများ စာအုပ်ဖြစ်မြောက်ရေးကော်မတီနာယက ဦးသန်းအောင်က မုဒိတာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲ မြန်မာတစ်နိုင်ငံလုံး အ‌ဆင့်(၇)၊ နေပြည်တော်ရှစ်မြို့နယ်အတွင်း ပထမဆုရရှိကာ ဂုဏ်ထူးငါးဘာသာဖြင့်အောင်မြင်ခဲ့သည့် အ - ထ- က (သပြေပင်)မှ ကျောင်းသူ မခင်မီမီကျော်အား စာအုပ်ဖြစ်မြောက်ရေးကော်မတီမှ ဂုဏ်ပြုဆုငွေကျပ်သုံးသိန်းနှင့် ထူးချွန်ထင်ရှား လယ်ဝေးသားများ စာအုပ်တစ်အုပ်၊ ကျောင်းအုပ်ကြီး(ငြိမ်း)ဦးတင်အေးက ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းတို့ကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ စာရေးဆရာမောင်စိမ်းနောင်(လယ်ဝေး)က ကျောင်းသားကျောင်းသူများအား “ပညာပြည့်ဝနှလုံးလှစေ” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပြီး မြို့နယ် သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းအောင် ကဗုဒ္ဓနှင့်ဗုဒ္ဓဘာသာဝင်အကြောင်း၊ သီလအကျိုး၊ ဗုဒ္ဓဘာသာဝင် ၅ မျိုး၊ ဩကာသကန်တော့ချိုးတွင်ပါဝင်သည့် အဓိပ္ပာယ်များ၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်ခြင်းအကျိုး၊ သီလစောင့်ထိန်းခြင်းနှင့်သည်းခံခြင်း၏ အကျိုးနှင့်(၃၈)ဖြာ မင်္ဂလာတရားတော်ကဗျာများ အကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ အဖြေမှန်သူများအား ဆုချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာ စာအုပ်များ လှူဒါန်းခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်း သားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)