မြစ်သား ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်၊ မိမိတို့ရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ပြည်သူကြားတွင်ဆွေးနွေးမှုများ ရှိလာစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက မြစ်သားမြို့နယ် သာလွန်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) ကိုယ်စားလှယ် ဦးသန်းဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် (Public Talk) ပြည်သူ့စကားဝိုင်းအား ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မယ်ဇယ်ပင်သာရေမြောင်းသောက်ကွင်းအမှတ် ၅၂၄တွင် အောင်ရေထိရေမရရှိ သည့်အခြေအနေများ၊ ဇိမ်ကြီးကျေးရွာ အမက စာသင်ကျောင်း ခြံစည်းရိုးပျက်စီးနေမှုအခြေအနေများ၊ သာလွန်-ညောင်ပင်သာကျေးရွာ ရွာချင်းဆက် ကျောက်ချောလမ်း ပြုပြင်ဆောင်ရွက်ပေးနိုင်ရန် အခြေအနေများ၊ လျှပ်စစ်မီးနှင့်မီးတာဘောက် ရရှိနိုင်ရေး အခြေအနေများနှင့် အထက-သာလွန်ကျောင်း ဆရာ/ဆရာမ ဝန်ထမ်းအင်အားနည်းနေမှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်သူ့စကားဝိုင်းကျင်းပရာသို့ မြစ်သားမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁) ကိုယ်စားလှယ် ဦးသန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်မာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုနှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသန်းထိုက်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ လျှပ်စစ်မာန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ အင်ဂျင်နီယာ ဦးရန်နိုင်စိုး၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)