ကျောက်ဆည် ဇူလိုင် ၇
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ ယနေ့နံနက်ပိုင်းက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကျင်းပသည်။
ဆွေးနွေးပွဲ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဆွေးနွေးပွဲစကားဝိုင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲစကားဝိုင်း ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးစိုးထွန်းက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရရှိလာသည့်ဆိုးကျိုးများအကြောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းက အလေ့အကျင့်ကောင်းများရရှိရေးနှင့် မှန်ကန်သည့်ရွေးချယ်မှုများ ရွေးချယ်နိုင်ရေး၊ ခရိုင်ဥပဒေရုံးမှဒုတိယခရိုင်ဦးပဒေအရာရှိ ဦးရှိုင်းမွန်ကျော်က မူးယစ်ဆေးဝါး၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်စိုးမိုးက မူးယစ်ဆေးဝါးများအကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂)ဒေါ်ခင်မာသက်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မို့မို့နိုင်က အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူများအား ကူညီနှစ်သိမ့်ဆွေးနွေးပေးနေမှုအကြောင်းအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)