သင်္ဃန်းကျွန်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၉) ကြိမ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်က အာဇာနည်နေ့နှင့်သက်ဆိုင်သည့် ဗဟုသုတရဖွယ်များ ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့အား စိတ်ပါဝင်စားစွာဝင် ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသား၊ ကျောင်းသူများအား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဌာနမှခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်ပြဘုတ်များအား စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)