မှော်ဘီ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်၌ လူငယ်များစဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းနှင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့် စဉ်းစားတွေးခေါ်မှုရှိများရှိသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း (အနောက်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်တစ်ဦးချင်းစီတွင်ရှိသင့်သည့် ဗလငါးတန်ခေါ် အင်အားငါးမျိုး ဖွံ့ဖြိုးတိုးတက်ရေးက မြန်မာ့ပညာရေးနှင့် လူ့အဖွဲ့အစည်းတွင်အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း လူတစ်ဦးချင်းစီ၏ဘဝ အောင်မြင်ရေးအတွက် တည်ဆောက်ရာ၌ ထူးချွန်ထက်မြက်အောင်မြင်သူတစ်ဦးဖြစ်ဖို့ "စု၊ တု၊ ပြု၊ ပြိုင်" ဆိုတဲ့စကားလုံးလေးလုံးကို လက်ကိုင်ထားရမှာဖြစ်ပါကြောင်း စု-ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရနိုင်သမျှရှာဖွေ စုဆောင်းရန်၊ တု- မိမိပတ်ဝန်းကျင်မှ စံထားရမည့်ပုဂ္ဂိုလ်တို့၏ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုတို့ကို အတုယူရန်၊ ပြု- မိမိဘဝအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာပြုပြင်ရန်၊ ပြိုင်- မိမိကိုယ်မိမိပြိုင်ဆိုင်ရာမှာ ယခင်လထက် ယခုလပိုတော်လာအောင်၊ ယခင်နှစ်ကထက် ယခုနှစ်ပိုတော်လာအောင် ကြိုးစားပြိုင်ဆိုင် အားထုတ်နေရမှာဖြစ်ပါကြောင်း အသိပညာပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်ပါ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသထားမှုအား မြို့နယ်ဦးစီးမှူးဦးစန်းဝင်းက လိုက်လံရှင်းလင်းပြသရာ စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)