ပြင်ဦးလွင် ဇူလိုင် ၇
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရေငယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပသည်။
ရှေးဦးစွာ ရေငယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးမှ ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်မိမိလေးမှ “လူငယ်နှင့် စိတ်ခွန်အား” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူငါးဦးမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက မေးမြန်းချက်များ အား ပြန်လည်ဖြေကြားခဲ့ သည်။
ထို့နောက် စိတ်ပါ၀င်စားစွာမေးမြန်းခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ် စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀၇ ဦး တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)