ဒလမြို့နယ် သပြေကုန်းကျေးရွာ၌ ပြည်သူ့စကားဝိုင်းကျင်းပ

ဒလ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်သော ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဒလမြို့နယ်၊ သပြေကုန်းကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးမှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ပြည်သူ့စကားဝိုင်း (Public Talk) ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၊ ဦးသန်းဦးတို့မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်နိုင်မိုးမှ စပါးအထွက်နှုန်းတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်စိုက်ပျိုးစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးအောင်သန်းမှ လယ်ယာမြေဥပဒေ အကြောင်းအရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တွံတေးခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်ဇော်မှ ဆည်မြောင်းကဏ္ဍ အကြောင်းအရာများကိုလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်လေးထွန်းမှ ကျေးလက်လမ်း၊ တံတားများ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံချောချောခင်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ပြည်သူများမှသိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ သပြေကုန်းကျေးရွာ၊ ညောင်ငုတ္တိုကျေးရွာနှင့် ‌ရဲချောင်းဝကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)