ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျောက်ပုံ၌ ကျင်းပခဲ့သည်။

ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း‌ (ခွဲ) ကျောက်ပုံမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းလင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ပေါင်းဆက်ညှိနှိုင်းပေးသူအဖြင့် ဆောင်ရွက်ပေးပြီး၊ အ.လ.က (ခွဲ) ကျောက်ပုံကျောင်းမှ Grade (6) ကျောင်းသူ မခင်သော်တာဦးက စီးပွားရှာကောင်းသူခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade (8) ကျောင်းသား မောင်ဇွန်ဦးမောင်က ဘေးစကားကြောင့် ပျက်စီးခဲ့ရတဲ့ မိတ်ဆွေသုံးဦး ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade (7) ကျောင်းသား မောင်သီးစုံက နွားလှည်းမောင်းသမားနှင့် မိကျောင်းခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade (6) ကျောင်းသူ မအိမ့်မှူးသက်ပိုင်က ကြက်သားဟင်းအိုးနှင့် ထင်းခွေသည် ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် ဗဟုသုတစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)