ပုသိမ်ကြီး ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲက ရေထွက် ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာရှိ အမှတ် (၁၇) အခြေခံပညာ မူလတန်းလွန်ကျာင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကြသည်။
ဦးစွာ ကျောင်းအုပ်ကြီး ဦးအောင်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက်၊ လူကုန်ကူးမှုအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကျောင်းသားလူငယ်များ အခြားဗဟုသုတများစွာရရှိမည့် အကြောင်းအရာများကို ဟော ပြောခဲ့သည်။ ထို့နောက် သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမှတ် (၁၇) အခြေခံပညာ မူလတန်းလွန်ကျာင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရွှေရန်ကင်း