သီပေါ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသော သီပေါမြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်−၁၉ကာလတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များအားများစွာလေးစား ဂုဏ်ယူမိပါကြောင်း၊ ဆက်လက်၍လည်း ကြိုးစားပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် သီပေါမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ရန်ကုန်မြို့သို့စေတနာ့ဝန်ထမ်းအဖြစ် တစ်လသွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲဝင်များအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)