တွံတေး ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တွံတေးတူးမြောင်းသာယာလှပစေရေး၊ သဘာဝပတ်ဝန်းကျင် ရေပြင်သန့်ရှင်းစေရေးအတွက် ယနေ့ နံနက်ပိုင်းက တွံတေးတူးမြောင်းတစ်လျှောက်ရှိ ကမ်းခြေများ၊ လူထုထပ်သော ဆိပ်ကမ်းများ၊ ကုတိုဆိပ်များတွင် တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ရေးအသိပေးဆိုင်ဘုတ်များ လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၏ ဂုဏ်ဒြပ်တစ်ခုဖြစ်သော တွံတေးတူးမြောင်းသည် ၁၈၇၃ ခုနှစ်ခန့်က စတင်ဖောက်လုပ်ခဲ့ပြီးနှစ်ပေါင်း (၁၅၀) နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင်ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ တူးမြောင်းသည် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းကို တိုက်ရိုက်ဆက်သွယ်ပေးကာ ဒေသတွင်း ကုန်စည်ကူးသန်းမှုနှင့် ခရီးသွားလာရေးအတွက် အဓိကအသက်သွေးကြောဖြစ်သည့်အတွက် တွံတေးတူးမြောင်းရေရှည်တည်တံ့ရေး၊ တူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရေး၊ ရေယာဥ်များတူးမြောင်းအတွင်း သွားလာနေစဥ် အမှိုက်သရိုက်၊ ပလာစတစ်များကြောင့် မလိုလားအပ်သော ဘေးအန္တရာယ်များ မဖြစ်ပွားစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းသည် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကို ဟန့်တားပေးရာတွင် အဓိကကျသော အခန်းကဏ္ဍတစ်ခုသည်။ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးရာတွင် ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်ကင်းစင်ရေးလုပ်ငန်းများအား ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဖော်ဆောင်သွားကြရမည်ဖြစ်သည်။
အဆိုပါအသိပေးဆိုင်းဘုတ်များကို တွံတေးတူးမြောင်းတစ်လျှောက်ရှိ ကမ်းခြေများ၊ လူထူထပ်သောဆိပ်ကမ်းများ၊ ကုတိုဆိပ်များတွင် တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရေး အသိပေးဆိုင်ဘုတ်များ လိုက်လံစိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။
- မျိုးလှိုင်