မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒေါက်တာခင်မောင်ညို ရေးသားသော "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက် (၃)၊ ဒေါ်ဇင်မီမီထွန်းက စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်​ပြီး လူငယ်များအောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊တာဝန်များ၊ အလှအပဖြင့် ဝင့်ကြွားခြင်းများ၊ အသုံးချခြင်းနှင့် နှလုံးလှခြင်း၊ ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်စသည့် လူငယ်များအတွက် အချက်အလက်များစွာပါဝင်ကြောင်းကိုရှင်းလင်းပြောကြားသည်။

ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက "လူငယ်နှင့်အမှား"၊ "လူငယ်နှင့်သဘာဝဘေးအန္တရာယ်"၊ "လူငယ်နှင့်အောင်မြင်ခြင်း"၊ "လူငယ်နှင့် အလှအပ"၊ "လူငယ်နှင့်လူမှုရေးအတွေးများ" စသည့် စာအုပ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)