မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြစ်ကမ်းဘေးရှိ ရှေးဟောင်းသမိုင်းဝင် သိမ်ကမ်းပါးမြစ်ရေတိုက်စားနေမှုအခြေအနေနှင့် သုသေတနပြု တူးဖော်ြခင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်စစ်ဆေး

ချမ်းအေးသာစံ  ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇူလိုင် ၆ ရက်​နေ့နံနက်ပိုင်းက မြစ်ရေတိုက်စားခြင်းကြောင့် ဖြစ်ပေါ်နေသည့် တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဟံသာဝတီကျေးရွာအုပ်စု မုံ့တီစုရပ် ဂိုဏ်းအုတ်ကျောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၅၃၄-က) သိမ်ကျောင်း အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲနှင့်  တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒုဋ္ဌဝတီမြစ်ကမ်းပါးနှင့်ကပ်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံ အမှတ်(၅၃၄-က)သိမ်မှာ မြစ်ရေကြီးခြင်း၊ လေတိုက်ခြင်းနှင့်လှိုင်းများပုတ်ခတ်ခြင်းတို့ကြောင့် ကမ်းပါး ပြိုကျနေသည့်အတွက် ကမ်းနှင့်ကပ်လျက်ရှိသည့် သိမ်မှာပြိုကျနိုင်သည့်အခြေအနေများနှင့် ဂိုဏ်းအုတ်ကျောင်း ဆရာတော်ထံမှ ဩဝါဒခံယူ၍ အရေးပေါ်တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ၊ ဒုဋ္ဌဝတီမြစ်ကမ်းရှိ ရှေးဟောင်းဘုရားအမှတ် (၅၀၃)မှာ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက မြစ်ရေကြီး၍ လေတိုက်ပြီး လှိုင်းများ ပုတ်ခတ်၍ မြစ်အတွင်း ပြိုကျခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ကမ်းရှိရှေးဟောင်းဘုရားများ ထပ်မံပြိုကျ ပျက်စီးမှုများမဖြစ်ပေါ်စေရေး လတ်တလောဆောင်ရွက်ရမည့်အခြေအနေများ၊ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ချက်၍ ကြိုတင်ကာကွယ်ပြင်ဆင်ဆောင်ရွက်ထားရှိသွားရေးတို့ကို မှာကြားပြီးနောက် လိုအပ်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ ဆောင်ရွက်နေသည့် အင်းဝမြို့ဟောင်း သတိုးမင်းဖျား၏ တောင်ဘက်မြို့ရိုး၊ အနောက်တောင်ထောင့်မှ ရန်နှိမ်တံခါးအထိ ပေ(၁၆၀၀)ခန့်ကို Phase 1 အဖြစ် သတ်မှတ်ကာ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)