ဆိပ်ကြီးခနောင်တို ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ဆေးထိုးစုရပ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ သူနာပြု ဒေါ်ခင်ပပလွင် ဦးဆောင်၍ သုနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ အသက် (၂ လ၊ ၄ လ၊ ၆ လ၊ ၉ လမှ တစ်နှစ်ခွဲအရွယ်အထိ) ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်းတို့အပြင် ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက် အခြားကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေခြင်းနှင့် မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သက်ကြီးရွယ်အိုများအား ဆီးချို၊ သွေးတိုးရောဂါနှင့် အခြားကျန်းမာရေး စစ်ဆေးကုသပေးခြင်း စသည့်ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို သတ်မှတ်ရက်များအလိုက် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဒေသန္တရ ဆေးပေးခန်းတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)