ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး

ငါန်းဇွန် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနယ်လှည့်ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့သည်။

ဦးစွာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ကလေးအလုပ်သမားပပျောက်ရေး”ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေးအသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။                          

သက်နောင်ဦး(ငါန်းဇွန်)